Tuesday, September 19, 2017

အရိယာဥပုသ် နှင့် ဂေါပါလကဥပုသ်


ဒီနေ့က တော်သလင်းလပြည့်နေ့ အလုပ်နားရက်လည်းဖြစ်ပြန်ဆိုတော့ ဥပုသ်သီတင်းဆောက်တည်ရင်ကောင်းမယ်။

ခါတိုင်းအိမ်မှာ ငါးပါးသီလဆောက်တည်ဖြစ်ပေမယ့် အလုပ်နားရက်ဆုံတုန်းလေးမှာ ရှစ်ပါးသီလတော့ဆောက်တည်ဖြစ်အောင်ဆောက်တည်မှ ကိုယ့်အတွက်အကျိုးများမယ်။ အိမ်မှာဥပုသ်ဆောက်တည်ပြီးနေလို့ဖြစ်ပေမယ့် အိမ်မှာဆိုတာက မိသားစုအတွေး လောကီအတွေးတွေကဖြစ်ကဖြစ်နဲ့ ပြီးတော့ ဧည့်သည်လာ စကားလက်ခံပြောရင်းအမှားပါသွားပြန်ရင်လည်း ကိုယ်ဆောက်တည်ထားတဲ့ သီလက ကျိုးပေါက်ပျောက်ကျား ဖြစ်ရဦးမယ်။

အကောင်းဆုံးက ကျောင်းမှာပဲ သီလယူပြီးဆိတ်ငြိမ်ရာမှာ တစ်ယောက်တည်း ဗုဒ္ဓါနုဿတိပဲပွားပွား မေတ္တာဘာဝနာပဲပွားပွား အသင့်လျော်ဆုံးဖြစ်တာမို့ မိမိနဲ့သင့်လျော်ရာ ကျောင်းတခုခုကိုရွေးချယ်ပြီး ဥပုသ်သီတင်းဆောက်တာ အကောင်းဆုံးနဲ့ကုသိုလ်အဖြစ်ဆုံးပါပဲ။

ရပ်ကွက်မှာ ဘုန်းကြီးကျောင်းက သုံးကျောင်းရှိပေမယ့် ဆိတ်ငြိမ်ပြီးရပ်ကွက်အစွန်ဘက်မှာရှိတဲ့ တောရကျောင်းကသာ နားအေးပါးအေးရှိလှတာမို့ ဆရာတော်ကိုကပ်လှူဖို့ သစ်သီးဝလံအချို့နဲ့ ဆွမ်းချိုင့်ပြင်ဆင်ပြီး တောရကျောင်းကိုထွက်လာခဲ့တယ်။ ကျောင်းရောက်တော့ ဆရာတော်ကိုရှိခိုးဦးချပါလာတဲ့လှူဖွယ်ဝတ္ထုကပ်လှူ သီလယူ ဆရာတော်မှ သင့်လျော်ရာအရပ်မှာ မမေ့မလျော့မပေါ့မဆတဲ့သတိတရားနဲ့ သီလလုံခြုံအောင်ဆောက်တည်ပါဆိုတဲ့ သြ၀ါဒလေးခံယူပြီး ကျောင်းပေါ်မှဆင်း ကိုယ့်အတွက်သင့်လျော်မယ်ဆိုတဲ့နေရာလေးရှာကြံရတာပေါ့။ ကျောင်းဝင်းကအကျယ်ကြီး သစ်သီးပင်တွေ
အရိပ်ရပင်တွေလည်းပေါများ ကျောင်းဆောင်တွေလည်းပေါများဆိုတော့ လူရှင်းမယ်ထင်တဲ့အဆောင်လေးတခုထဲကို ရွေးချယ်ပြီးဝင်လိုက်တယ်။

အဆောင်ထဲရောက်တော့ နံရံမှာထောင်ထားတဲ့ တံမြက်စည်းကိုယူလို့ အမှိုက်လှည်းဖျာခင်းပြီး အဆောင်ထဲစံပ္ပါယ်နေတဲ့ဘုရားကို ရှိခိုးဦးချကန့်တော့ပါလာတဲ့ပဋ္ဌာန်းစာအုပ်လေးထုတ် ပဋ္ဌာန်းပူဇော်မယ်လုပ်တုန်း

``လာကြ လာကြ ဒီထဲဘယ်သူမှ မရှိဘူး ဥပုသ်သည် တစ်ယောက်ပဲရှိတယ်´´

အသံနဲ့အတူ ယောဂီဝတ် မိန်းမသုံးယောက် အသက် ၁၂နှစ်အရွယ်ခန့်ရှိမယ့် ကလေးမလေးတစ်ယောက် ၀င်လာတယ်။ သူတို့မှာပါလာတဲ့ ဖျာကို ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမှာခင်းတယ်။ ခင်းပြီးတော့ မိန်းမကြီးတစ်ယောက်ကကျွန်တော့်ကို ပြုံးပြရင်း

``ဥပုသ်လာစောင့်တာထင်တယ်´´

``ဟုတ်ပါတယ်ဗျ´´

နှုတ်ဆက်ပြီးတော့ မိန်းမကြီးက လက်ဆွဲခြင်းထဲပါလာတဲ့ လေးဆင့်ချိုင့်ကိုထုတ်တယ်။ ချိုင့်အဆင့်တွေဖြည်ချပြီး ဖျာရဲ့အလယ်မှာ ခင်းလိုက်တယ်။ ခင်းပြီးတော့ သူနဲ့ပါလာတဲ့အဖော်တွေကို ခေါ်လိုက်ပြီး

``၁၂နာရီ မထိုးခင် လာစားကြ၊ အိမ်မှာ ကောင်းပေ့ဆိုတာချည်း ထည့်လာတာ´´။

ကျွန်တော့် ဘက်ကိုလည်းလှည့်ပြီး

``စားပါဦးလား၊ လ္ဘက်သုတ် အရမ်းကောင်းတယ်´´၊ ကျွန်တော်ကလည်း ``တော်ပါပြီ အန်တီ၊ စားပါဗျာ´´

``မိစု နင့်မောင်လေးတွေကော ခေါ်လိုက်လေ´´ မိန်းမကြီးက ပါလာတဲ့ ၁၂နှစ်အရွယ်ကလေးမလေးကို လှမ်းပြောလိုက်တယ်။

မိစုဆိုတဲ့ကလေးမလေးကလည်း ``ဟုတ်ကဲ့ အန်တီ´´ဆိုပြီး ကျောင်းဆောင်အပေါက်ဝကနေလှမ်းအော်တာကြားလိုက်ပြီးမကြာခင် တဒုန်းဒုန်းအသံတွေနဲ့အတူ ကလေးသုံးယောက်ပြေးဝင်လာတယ်။ ခုမှအမှတ်ရမိတယ်။ ဒီနေ့ကျောင်းပိတ်ရက်လဲဖြစ်ပြန်ဆိုတော့ ကလေးတွေလဲပါလာတယ်ထင်ပါရဲ့။ ကျွန်တော်လည်း ပါလာတဲ့ပဋ္ဌာန်းစာအုပ်လေးကိုကိုင်ပြီး မရွတ်ဖတ်မပူဇော်မိသေးပဲ သူတို့ကိုငေးကြည့်နေမိတယ်။ မဖြစ်သေးပါဘူး ကိုယ့်အလုပ်ကိုယ်လုပ်မှပဲ။

ဒါနဲ့စာအုပ်ကိုပြန်အာရုံစိုက်မိပြီး ``သမန္တာ စက္က၀ါဠေသု . . . . .´´

``ဒုန်း .. .. . .. ´´

နတ်ပင့်တုန်းရှိသေး ကျွန်တော့ခေါင်းပေါ်ကျော်ပြီး ဘော်လုံးတစ်လုံး ဘေးက နံရံသွားမှန်တယ်။ ကစ်ချက်က ရော်နယ်ဒင်ဟိုလားထင်ရတယ်။ ပြင်းသလားမမေးနဲ့ ခေါင်းမှန်လို့တော့ ခေါင်းအပြုတ်ပဲ။

``ဟဲ့ကောင် လာစမ်း လာစမ်း ´´ဆိုပြီး မိန်းမကြီးက ကလေးကိုခေါ် ``ဒေါက် ဒေါက် ဒေါက် ´´ဆိုတဲ့ခေါင်းကို ခေါက်လိုက်တဲ့ အသံနဲ့အတူ ကလေးရဲ့ ``ဗြဲ´´ဆိုတဲ့အသံကောဆူညံသွားတော့တယ်။ စောနက၀င်လာတဲ့ကလေးသုံးယောက်ထဲက တစ်ယောက် အိမ်ကဘော်လုံးပါယူလာပုံရတယ်။ ကန်လိုက်ပုံများ ခေါင်းတည့်တည့်မမှန်တာကံကောင်းပါရဲ့။ ``အဲ့ဒါပဲကြည့်တော့ တော်တော်အကုသိုလ်များတဲ့ ကလေးတွေ´´မိန်းမကြီးက သူ့အဖော်တွေကို ပြောပြီးတော ကလေးတွေဘက်လှည့်ကာ
``ဟဲ့ စားစရာရှိတာမြန်မြန်စားပြီး ကျောင်းဝင်းထဲသွားဆော့နေကြ ငါမခေါ်မချင်း မလာခဲ့ကြနဲ့´´ ကလေးတွေကလဲ ကြောက်ကြောက်နဲ့ မိန်းမကြီးကျွေးတာစားပြီး ခပ်သုတ်သုတ် အပြင်ပြန်ထွက်သွားကြတယ်။

ကလေးတွေထွက်သွားတော့မှ မိန်းမကြီးဟာ အဖော်ပါလာတဲ့ ဥပုသ်သည်အဖော်တွေကို သူ့သားတွေဘယ်လိုဆိုးကြောင်း၊ ဘယ်နေရာတော့ လိမ်မာကြောင်း၊
အိမ်မှာကူဖော်လောင်ဖက်ခေါ်ထားတဲ့ မိစုက အားကိုးရကြောင်း၊ လင်ယောက်ျားက စီးပွားရှာဘယ်လိုတော်တဲ့အကြောင်း၊ ဘေးအိမ်က လင်မယားက ဘယ်လို၊
ရပ်ကွက်ထဲက ဘယ်သူကဘယ်လို၊ နိုင်ငံခြားမှာစီးပွားရှာနေတဲ့ သူ့ညီမကဘယ်လို စသဖြင့် စီကာပတ်ကုံးပြောနေရင်း မောသွားပုံရတော့ ခဏအသံတိတ်သွားပြန်တယ်။ ကျွန်တော်လဲ ထသွားပြန်ရင်လည်း မကောင်း ဆက်ထိုင်နေပြန်တော့လဲ နီးနေတော့ ကြားနေရပြန် ဘယ်လိုရှောင်ထွက်ရမှန်းမသိဖြစ်နေတုန်းအဆောင်ထဲကို ဦးဇင်းတစ်ပါးဝင်လာတယ်။ ၀င်လာတဲ့ဦးဇင်းကို ကျွန်တော်က ထိခြင်းငါးပါးနဲ့ကန်တော့ဦးချတော့ သူတို့လဲ မနေသာ ဦးချကန်တော့ကြတယ်။

ဦးဇင်းက ဘာတစ်ခွန်းမှမမိန့်ပဲ ဘုရားကျောင်းဆောင်ပေါ်က ဘုရားပန်းအိုးတွေယူပြီး ကျောင်းပေါ်ကပြန်ထွက်သွားတယ်

ဦးဇင်းထွက်သွားလေတော့ မိန်းမကြီးက သူ့အဖော်တွေကို ``ဟဲ့ အဲ့ဦးဇင်းရဲ့ ညီမ သတင်းကြားပြီးပြီလား´´ စသဖြင့် ဦးဇင်းရဲ့ညီမ အကြွေးပတ်လည်ဝိုင်းနေတဲ့အကြောင်း ဦးဇင်းရဲ့မိဘတွေဖြေရှင်းပေးနေရတဲ့အကြောင်း ထိုဦးဇင်းသည်လည်း သာသနာကိုကြည်ညိုလို့ဝတ်လာခြင်းမဟုတ်ပဲ အချောင်နေအချောင်စားရလို့ဝတ်လာတဲ့အကြောင်း အစထားကာ ကျောင်းတိုက်တစ်တိုက်လုံးရှိသမျှ ဦးဇင်းတွေရဲ့အကြောင်း သူသိတာကော သူထင်တာကော ရောနှောကာ အမှန်တရားအဖြစ်ပြောလေတော့တယ်။ ဘေးကအဖော်ပါလာတဲ့မိန်းမတွေကလည်း ထိုမိန်းမကြီးပြောလေသမျှ ဆရာ့စကား တပည့်နားထောင်သလို တိတ်ဆိတ်စွာနားထောင်နေကြတယ်

ကျွန်တော်လည်း ဒီမိန်းမကြီး ဒီလောက်လူတကာအတင်းပြောနေတာ င့ါအကြောင်းများသိနေရင်တော့ ခက်ရချည်ရဲ့လို့တွေးနေတုန်း

``လူတွေအကြောင်းပြောနေတာ အကုသိုလ်များလှပါတယ်။ ကုသိုလ်ဖြစ်စရာလေး ပြောပြမယ်´´

အင်း ကောင်းတယ် တော်သေးတာပေါ့။ မိန်းမကြီးကဆက်ပြောတယ်။

``ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀လောက်က တောမှာ ငါ့ဦးလေးတစ်ယောက်ရှိတယ်။ ဦးလေးက လူ့ဘောင်လူ့လောကကို စိတ်ကုန်လာတော့ ရဟန်းဘ၀ကိုခံယူပြီးသာသနာ့ဘောင်ကို အပြီးဝတ်သွားတယ်။ ရဟန်းဝတ်ပြီးတော့ သူက တောထဲသွားပြီးတရားအားထုတ်လိုက်တာ ခြောက်နှစ်ကျော် ခုနှစ်နှစ်ကြာတော့လည်းပေါ်မလာဘူး။ ဒါနဲ့ သူ့မိဘတွေဖြစ်တဲ့ ငါ့အဖွားနဲ့အဖိုးက တောထဲကို သွားရှာတာပေါ့´´

``သွားရှာတော့ တွေ့လားဟယ်´´ ဘေးက အမျိုးသမီးတစ်ယောက် က စိတ်ဝင်တစားလှမ်းမေးတယ်။

``အင်း သွားရှာတော့ တောထဲမှာ လှိုဏ်ဂူကြီးတစ်ခုထဲမှာ ဦးလေးရဟန်းကိုသွားတွေ့တယ်။ ဒါနဲ့ ငါ့အဖိုးနဲ့အဖွားကလည်း ၀မ်းသာလွန်းလို့ ရှိခိုးဦးချကန်တော့တာပေါ့။ ဦးလေးဘုန်းကြီးက ရဟန္တာဖြစ်နေပြီဟ´´

``ဟယ်´´ ဘေးက အမျိုးသမီးနှစ်ယောက် တအံ့တသြ။

သူ့စကားစိတ်ဝင်တစားနားထောင်နေကြတော့ မိန်းမကြီးက အားတက်သွားပြီး

``ငါ့ဦးလေးက နိဗ္ဗာန်ကိုရပြီဆိုတော့ သူနောက်ကိုလိုက်လာတဲ့ သူ့အဖေအမေကို အရမ်းသနားတာတဲ့။ ဒါကြောင့် သူရတဲ့နိဗ္ဗာန်ကို သူမယူတော့ပဲ သူ့အမေကို ပေးလိုက်ပါလေရော´´

``ဟာ . . . တော်လိုက်တဲ့ ဦးဇင်းကြီးကြည်ညိုစရာကောင်းလိုက်တာ သူ့အဖေကိုကျတော့ ဘာလို့မပေးလဲ´´မိန်းမတစ်ယောက်က ပြန်မေးတယ်။

``သူရတဲ့ နိဗ္ဗာန်ကတစ်ခုပဲလေ နောက်တစ်ခုထပ်ရအောင်သူကြိုးစားမှာပေါ့။ နောက်ထပ်ရမှ သူ့အဖေကိုပေးမှာပေါ့ဟ´´

ကျွန်တော်လဲ ``အံ့သြပါ့´´လို့ အသံထွက်သွားမိတယ်။ မိန်းမကြီးက သူ့ထောက်ခံတယ်ထင်လားမသိဘူး ဆက်ပြောနေတုန်း။ နားမထောင်နိုင်တော့တာနဲ့ပါလာတဲ့ ပဋ္ဌာန်းစာအုပ်လေးကို ကောက်ကိုင်ပြီး ထိုအဆောင်ထဲမှ ထွက်လာမိတယ်။ ဒီကိစ္စမဖြစ်ဘူးဆရာတော်ကိုသွားလျှောက်မှဖြစ်မယ်။ ဒါမှဆရာတော်ခေါ်ယူဆုံးမနိုင်မယ်ဆိုတဲ့ အတွေးနဲ့ဆရာတော်သီတင်းသုံးရာအဆောင်သို့ သွားရောက်ခဲ့ပါတယ်။ ဆရာတော်သီတင်းသုံးရာကျောင်းသို့ရောက်တော့စာဖတ်နေတဲ့ ဆရာတော်ကိုဦးချကန်တော့လိုက်ပြီး

``ဆရာတော်ဘုရား´´

``ပြောပါဒကာတော်´´

``တပည့်တော်ကို ဥပုသ်သည်အကြောင်းရှင်းပြပေးပါဘုရား´´

``ဒကာတော်သိချင်ရင် ပြောပြရတာပေါ့။ အင်္ဂုတ္တိုရ် ဥပေါသထသုတ်မှာပါရှိတဲ့ ဥပုသ်စောင့်နည်းသုံးမျိုးဆိုတာရှိတယ်´´

``တင်ပါဘုရား´´

``တစ်က ဂေါပါလကဥပုသ်၊ နှစ်က နိဂဏ္ဍဥပုသ်၊ သုံးက အရိယာဥပုသ်ဆိုပြီး သုံးမျိုးရှိတယ်ကွဲ့။´´

``တင်ပါ အကျယ်ရှင်းပြတော်မူပါဘုရား´´

``ဂေါပါလကဥပုသ်ဆိုတာ ဂေါပါလက=နွားကျောင်းသား နွားကျောင်းတာနဲ့တူသလိုစောင့်တဲ့ ဥပုသ်ကိုခေါ်တာပေါ့။ နွားကျောင်းသားက နွားစားကျက်တွေကိုပဲကြံစည်နေတယ်မလား။ ဥပုသ်သည်ဟာလည်း ဥပုသ်စောင့်ရာမှာ ရှစ်ပါးသီလယူ ထားပြီးသားရေးသမီးရေးစီးပွားရေးကိစ္စတွေကိုပဲ ကြံစည်ပြောဆိုနေရင် ဂေါပါလကဥပုသ်လို့ဆိုလို့ရတာပေါ့။´´

``နံပါတ်တစ်တော့ရှင်းပါပြီဘုရား နံပါတ်နှစ်ကို ဆက်ရှင်းပြပေးပါဘုရား´´

``နိဂဏ္ဌဥပုသ်ဆိုတာကတော့ တိတ္ထိညွှန်ကြားတဲ့အတိုင်း စောင့်ထိန်းတဲ့သီလမျိုးကို နိဂဏ္ဍဥပုသ်လို့ဆိုတာပေါ့။ နိဂဏ္ဌတက္ကတွန်းတွေဟာ သူ့တပည့်တွေကို အရပ်လေးမျက်နှာ ယူဇနာတစ်ရာအပြင်ဘက်တွင်ရှိသောသတ္တ၀ါတို့ကို ညှင်းပန်းနိုပ်စက်ခြင်းမပြုရစသဖြင့် ဥပုသ်သီလကိုစောင့်ထိန်းခိုင်းကြတယ်။ ယူဇနာတစ်ရာအတွင်းမှာတော့ သတ်ဖြတ်ညှင်းဆဲလို့ရသလိုဖြစ်နေတာပေါ့။ ဒါမျိုးဥပုသ်ကိုကျ နိဂဏ္ဌဥပုသ်လို့ခေါ်တာပေါ့´´

``တင်ပါ´´

``အရိယာဥပုသ်ကျတော့
၁။ ဗြဟ္မဥပုသ်
၂။ ဓမ္မဥပုသ်
၃။ သံဃ့ဥပုသ်
၎။ သီလဥပုသ်
၅။ ဒေ၀တာဥပုသ်ဆိုပြီး ငါးမျိုးရှိတယ်။

ဗြဟ္မဥပုသ်ဆိုတာက ဗုဒ္ဓဂုဏ်တော်ကိုပွားများဆင်ခြင်းပြီးစိတ်ဖြူစင်မှုရမှ စောင့်ထိန်းတဲ့ဥပုသ်မျိုးကို ဗြဟ္မဥပုသ်လို့ခေါ်တယ်။

ဓမ္မဥပုသ်ဆိုတာက တရားဂုဏ်တော်ကိုပွားများဆင်ခြင်ပြီးစိတ်ဖြူစင်မှုရမှ စောင့်ထိန်းတဲ့ဥပုသ်မျိုးကို ဓမ္မဥပုသ်လို့ခေါ်တယ်။

သံဃဥပုသ်ဆိုတာက သံဃာ့ဂုဏ်တော်များကိုပွားများဆင်ခြင်ပြီးစိတ်ဖြူစင်မှုရမှ စောင့်ထိန်းတဲ့ဥပုသ်မျိုးကို သံဃဥပုသ်လို့ခေါ်တယ်။

သီလဥပုသ်ဆိုတာက မိမိစောင့်ထိန်းရမယ့်သီလကိုဦးစွာဆင်ခြင်ပြီးစိတ်ဖြူစင်မှုရမှ စောင့်ထိန်းတဲ့ဥပုသ်မျိုးကို သီလဥပုသ်လို့ခေါ်တယ်။

ဒေ၀တာဥပုသ်ဆိုတာက သဒ္ဓါသီလစတဲ့တရားတွေကိုဆင်ခြင်ပြီး စိတ်ဖြူစင်မှုရမှ စောင့်ထိန်းတဲ့ဥပုသ်မျိုးကို ဒေ၀တာဥပုသ်လို့ခေါ်တယ်။ ဒါကအရိယာဥပုသ်အကြောင်းပေါ့။´´

``တင်ပါ တပည့်တော်ဥပုသ်ကိုဘယ်လိုရွေးချယ်စောင့်ရမယ်ဆိုတာ သိပါပြီဘုရား တဆက်တည်း လျှောက်ထားစရာရှိပါသေးတယ်ဘုရား´´

``အင်း ဘာများလဲ လျှောက်ပါဦး´´

``တပည့်တော် ဒီနေ့ဥပုသ်သီလယူရင်းတွေ့ရတဲ့အတွေ့အကြုံလေးကို လျှောက်ထားလိုတာပါဘုရား´´စသဖြင့် ဒီနေ့တွေ့ကြုံခဲ့သမျှကို အစအဆုံးဆရာတော်နားလျှောက်ထားမိပါတယ်။ လျှောက်ထားလို့ပြီးတော့ ဆရာတော်က ``ဒကာတော်ခုလိုလျှောက်ထားတာ သင့်လျော်ပါပေတယ်။ အဲ့ဒါယိကာမကြီးက ဒေါ်တင်အေးလို့ခေါ်တယ်။ ကျောင်းဒါယိကာမကြီးပါပဲ။ ဒါယကာလိုပဲ တခြားတခြားသော ဒါယိကာ ဒါယိကာမများလည်း ဘုန်းဘုန်းနားလာရောက်လျှောက်ထားဖူးပါတယ်။´´

``တင်ပါ ဆုံးမတော်မူပါဦးဘုရား´´

``လောလောဆယ် ဆုံးမလို့တော့ မသင့်လျော်သေးဘူးဒါယကာ´´

``ဘုရား ဘာကြောင့်ပါလဲဘုရား´´

``အင်း ဒကာတော်လဲစဉ်းစားကြည့်လေ။ ခုခေတ်မှာ ကျောင်းတိုက်တွေကပေါများနေတာ။ ဦးဇင်းခေါ်ယူဆုံးမလိုက်ရင် ဦးဇင်းကျောင်းကိုစွန့် တခြားကျောင်းတိုက်ကို ပြောင်းရွေ့ကိုးကွယ်ရင် ခက်ရချည်ရဲ့။ ကျောင်းမှာက သူ့ကိုပဲအစစအရာရာအားကိုးနေရတယ်မလား´´

``တင်ပါ . . . . . . ´´

``ဘုန်းဘုန်း ဖြေးဖြေးချင်း ပြောဆိုဆုံးမမှာပေါ့။ အမြဲတွေ့ကြရတာလဲမဟုတ်တော့ သည်းခံလက်စနဲ့သည်းခံပါဦး ဒါယကာ´´

``တင်ပါဘုရား တပည့်တော်နားလည်ပါပြီဘုရား´´

``အိမ်းကွယ် သာဓု သာဓု သာဓု´´

ဆရာတော်ကို ရှိခိုးဦးချကန်တော့ပြီး အိမ်ပြန်လမ်းသို့ခြေဦးလှည့်လာတော့တယ်။ သို့သော် စိတ်ထဲမှာတော့ ကျေနပ်သလိုလို မကျေနပ်သလိုလိုဖြစ်နေသော အတွေးများစွာဖြင့် - - -- - -

အညတြဘိက္ခု

No comments:

Post a Comment

ဗောဓိပင်တံမြက်စည်းလှည်းရခြင်းအကျိုး

တပေါင်းနွေနဲ့အတူ လေပြင်းတချက်တချက်တိုက်ခတ်နေသည်။ လေအဝေ့တွင် လေနှင့်အတူမျောလွင့်လာသော သစ်ရွက်သစ်ခတ် ဖုန်မှုန့်များသည် ကြီးမားသောညောင်ပင်ကြီ...