Tuesday, September 19, 2017

ကြံတစ်ဆစ်၏သံသရာ

ဝေဠုဝန်ကျောင်းတိုက် ရာဇဂြိုလ်။
ဝေဠုဝန်ကျောင်းတိုက်ကို ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရား ဒုတိယဝါတွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ပေသည်။ ဝေဠုဝန်ဆိုသည်မှာ (ဝေဠု-ဝန။ ဝေဠု=၀ါး။ ဝန= တော) ဝါတောဟု အဓိပ္ပါယ်ရပေသည်။ ဝါးတောကြီး၏အလယ်တွင် ဗိမ္ဗိသာရမင်းကြီးလှူဒါန်းထားသော ကျောင်းဆောင်တည်ရှိပြီး ဘေးပတ်လည်ဝါးတောများအောက်တွင် တစ်ပါးနေကျောင်းဆောင်များ အစီအရီဆောက်လုပ်ထားသည်။

မနက်ခင်းပိုင်းတွင် ကျောင်းတိုက်ကြီးသည်တိတ်ဆိတ်ငြိမ်သက်လျက်ရှိပါပေ၏။ ကျောင်းတိုက်တွင်းရှိသံဃာတော်များသည် ဆွမ်းအလို့ငှါ ရွာထဲသို့လှည့်လည်နေကြလေသည်။ နေမြင့်လာသောအခါ ဝါရုံတောအတွင်း ထိုးကျလာသော နေရောင်ခြည်တို့သည် တဖြည်းဖြည်းမြင့်တက်လာပြီးနောက် ရွာအတွင်းဆွမ်းခံကြွနေသောသံဃာများသည်လည်း ကျောင်းတိုက်အတွင်းသို့ တဖြည်းဖြည်းဝင်ရောက်လာကြပြီ။ ရဟန်းတော်များသည် ကျောင်းတိုက်အတွင်းပြန်ရောက်လာကြပြီးလျှင် ခြေလက်သန့်စင်ခြင်းအမှုကိုပြုကြပြီး ကျောင်းတိုက်အလယ်တွင်ငြိမ်သက်စွာထိုင်နေတော်မူသော မြတ်စွာဘုရားကို သွားရောက်ရှိခိုးဦးချကြလေ၏။ သံဃာများစုံသလောက်ရှိလာသော်လည်း ရဟန်းတစ်ပါးသည် နောက်ကျလျက်ရှိသည်။ ထိုရဟန်းတော်မှာ လက်ဝဲတော်ရံရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ဖြစ်ပေသည်။

စောစောကလှုပ်ရှားနေသော ဝေဠုဝန်ကျောင်းတိုက်သည် သံဃာတော်များမြတ်စွာဘုရား၏ဘေးပတ်လည်တွင် စုံလင်စွာဝိုင်းရံမိသည့်နောက်ပြန်လည်၍တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။ ထိုအချိန်တွင် ဝေဠုဝန်ကျောင်းတိုက်အဝင်ဝမှ တဖြည်းဖြည်းရွေ့လျားလာသောမြင်ကွင်းနှစ်ခုကြောင့် သံဃာတော်များသည်လည်း တီးတိုးအသံများ ထွက်ပေါ်လာပါသည်။ မြင်ကွင်းတခုမှာ တည်ငြိမ်သောဣနြေ္ဒဖြင့်တရွေ့ရွေ့လျှောက်လှမ်းလာသော ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ဖြစ်ပြီး အခြားမြင်ကွင်းတစ်ခုမှာ ထိုအရှင်နှင့်အတူ ဘေးမှတရွေ့ရွေ့ကပ်ပါလာသော ကြီးမားသည့် ကြံစည်းကြီးဖြစ်ပေ၏။ ကြံစည်းကြီးမြေပေါ်ရှပ်တိုက်သောကြောင့် တရှပ်ရှပ်မည်သောအသံနှင့်အတူ ထိုအရှင်၏နောက်ထံပါးမှ ဖုန်မှုန့်များသည်လည်း လိုက်ပါလာလျက်ရှိသည်။ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်နှင့်ကြံစည်းကြီး တဖြည်းဖြည်းဖြင့် မြတ်စွာဘုရားနှင့်သံဃာတော်များအထံသို့နီးကပ်လာသောအခါ သံဃာများထံမှ အံ့သြလွန်းသည့်အတွက် အသံများထွက်ပေါ်လာသည်။ ကြံစည်းကြီးသက်သက် ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်နှင့်အတူလိုက်ပါလာခြင်းမျိုးမဟုတ်ပဲ ထိုကြံစည်းကြီးကို အလွန်ပိန်လှီ၍ ရုပ်ရည်အဆင်းဆိုးဝါးလှစွာသော ပြိတ္တာတစ်ကောင်က ထမ်းပိုးပြီးလာခဲ့သောကြောင့်ဖြစ်၏။ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်သည် မြတ်စွာဘုရားထံမှောက်ရောက်ရှိသောအခါ သပိတ်ကိုအောက်သို့ချလိုက်ပြီး သင်္ကန်းကိုပြင်ဆင်၍ မြတ်စွာဘုရားကိုရှိခိုးဦးချလိုက်သည်။ ပြိတ္တာကြီးသည်လည်း ရှင်မောဂ္ဂလာန်ပြုမူသည်ကိုကြည့်ရှု့နေပြီး တခဏ ထမ်းပိုးလာသော ကြံစည်းကြီးကိုအောက်သို့ချလိုက်၍ ရှင်မောဂ္ဂလာန်နည်းတူ မြတ်စွာဘုရားအားရှိခိုးဦးချလေသည်။

မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်အား `` ဘယ်သို့သောအခြင်းအရာများ တွေ့ကြုံခဲ့ပါသနည်း ငါ့ရှင်မောဂ္ဂလာန်´´

``ဘုရားတပည့်တော်သည် ရာဇဂြိုလ်မှဆွမ်းခံကြွပြီးအပြန်တွင် လမ်းတွင်ကြီးမားကျယ်ပြန့်လှသော ကြံတောကြီးတွေ့ပါသည်။ ထိုကြံတောကြီးနှင့်အတူ ယခုကြံများကိုထမ်းပိုးလာသော ပြိတ္တာကြီးကိုလည်း တွေ့ရပါသည်။ ထိုပြိတ္တာကြီးသည်တပည့်တော်ကိုတွေ့မြင်သည့်အခါ ပြေးလာပြီးသူ၏အဖြစ်ကို လျှောက်ထားပြောဆိုပါသည်။ သူသည်ဆာလောင်သောကြောင့် ကြံကိုသွားရောက်ခူးဆွတ်ပါသည်။ ထိုကဲ့သို့ကြံကိုသွားရောက်ခူးဆွတ်သည့်အချိန်တွင် ငြိမ်သက်နေသောကြံချောင်းများသည် လက်နက်များသဖွယ်ဖြစ်လာပြီး ပြိတ္တာကြီးအားရိုက်နှက်ကြပါသည်။ ထိုသို့ရိုက်နှက်ခံရခြင်းကြောင့် ပြိတ္တာကြီးသည် မူးမေ့လျက်လဲကျရပါသည်ဟု လျှောက်ထားပါသည်။ ၄င်း၏လျှောက်ထားသောကြောင့် ဘုရားတပည့်တော်လည်း ပြိတ္တာကြီး၏အတိတ်ဘ၀ဇာတ်ကြောင်းကိုဆင်ခြင်ကြည့်သောအခါ ယခုကြံတောထဲတွင်ပြိတ္တာဖြစ်နေသောထိုသူသည် ပြိတ္တာမဖြစ်ခင်ရှေးဘ၀က လူပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးပါသည်။ လူဖြစ်ခဲ့သောထိုသူသည် တနေ့သောအခါကြံစည်းကြီးကိုထမ်းပိုးပြီး သွားပါသည်။ သူ၏နောက်မလှမ်းမကမ်းနောက်တွင် သားအဖနှစ်ဦးသည်လည်း လိုက်ပါလာပါသည်။ သားအဖနှစ်ဦးတွင် အဖဖြစ်သောသူသည် ကိုယ်ကျင့်သီလနှင့်ပြည့်စုံသောဥပါသကာတစ်ဦးဖြစ်ပါသည်။ သားအဖနှစ်ဦးတွင်သားဖြစ်သောသူသည် ရှေ့တွင်ကြံစည်းထမ်းသွားနေသောသူကိုတွေ့၍ ကြံကိုစားချင်သောကြောင့် ဖခင်ဖြစ်သူအား ငိုယိုပြီးတောင်းပါသည်။ ဖခင်ဖြစ်သူသည်လည်း ကလေးငယ်အားချော့မော့ပြောပြသည့်တိုင် ချော့မော့၍မရသည့်အတွက် ကြံထမ်းသည့်လူနောက်ကိုအမှီလိုက်လာပြီး စကားစမြည်ပြောဆိုပါသည်။ ကြံထမ်းသည့်လူသည် စကားမပြောချင်သည့်အလားပြန်လည်ပြောဆိုခြင်းမရှိသော်လည်း ကလေးငယ်အငိုတိတ်စေရန်အတွက် ကြံတစ်ဆစ်ကိုတောင်းရမ်းလိုက်ပါသည်။ ထိုအခါကြံထမ်းသည့်လူမှာ ဒေါသဖြင့်မြည်တွန်ကာကြံတစ်ဆစ်ကိုချိုးပြီး သားအဖနှစ်ဦးကို လက်နောက်ပြန်ပစ်၍ ပေးပါသည်။ ထိုကြံထမ်းသည့်လူသည် သေလွန်သောအခါ ဥပါသကာအားကြံတစ်ဆစ်ပေးလှူခဲ့သည့်ဒါနအကျိုးကြောင့် ကြီးမားသောကြံခင်းထဲတွင် ပဋိသန္ဓေတဖန်ပြန်ဖြစ်ရပြီး နှမြောဝန်တိုခြင်းဟူသောမစ္ဆရိယကြောင့် သေလွန်သောအခါပြိတ္တာဘ၀သို့ရောက်ရှိရလေသည်။ ဒေါသအကျိုးကြောင့်လည်းကြံချောင်းများ၏ရိုက်နှက်ခြင်းကိုခံစားရပြန်သည်။ ထိုသူသည် ဥပါသကာသားအဖကကြံတစ်ဆစ်ကို လက်နောက်ပြန်ပေးကမ်းခဲ့သောကြောင့် ကြံကိုရှေ့မှခူးဆွတ်မရဖြစ်နေခြင်းဖြစ်ပါသည်။ ထိုသူ၏စေတနာအတိုင်း လက်နောက်ပြန်ခူးဆွတ်မှသာ ထိုပြိတ္တာသည်လည်း သုံးဆောင်ရမည်ဖြစ်ကြောင်း ဆင်ခြင်မိသောကြောင့် ပြိတ္တာကြီးအားကြံကိုလက်နောက်ပြန်ခူးဆွတ်ခိုင်းစေရာအလွယ်တကူပင်ခူးဆွတ်သုံးဆောင်၍ရကြောင်း တွေ့ရပါသည်။ ပြိတ္တာကြီးသည် ဘုရားတပည့်တော်ကို လွန်စွာကျေးဇူးတင်ပြီး ကြံများကိုခူးဆွတ်၍ လာရောက်ကပ်လှူပါသည်။ တပည့်တော်သည် ပြိတ္တာကြီး၏အကျိုးစီးပွားအလို့ငှါ ကြံများကိုအလှူခံတော်မမူပဲ မြတ်စွာဘုရားနှင့်သံဃာတော်များကိုလှူဒါန်းခြင်းမှာပို၍အကျိုးများမည်ဟု ပြောဆို၍ ခေါ်ဆောင်လာရခြင်းဖြစ်ပါသည်။´´ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးသည် မြတ်စွာဘုရားကိုအကြောင်းစုံလျှောက်ထားပြီးနောက် ပြိတ္တာကြီးသည် ကြံများကိုပိုင်းဖြတ်၍ မြတ်စွာဘုရားနှင့်သံဃာတော်များအားဆက်ကပ်လှူဒါန်းလေသည်။ မြတ်စွာဘုရားနှင့်သံဃာတော်အပေါင်းသည်လည်း ပြိတ္တာကြီးကပ်လှူသော ကြံများကိုဘုန်းပေးသုံးဆောင်တော်မူပြီးလျှင် အမျှအတန်းပေးဝေလေသည်။

အမျှအတန်းပေးဝေပြီးသည့်နောက် ပြိတ္တာကြီး၏ပိန်လှီလှသောအရောင်အဆင်းသည် ကွယ်ပျောက်သွားပြီး ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာသော နတ်သားတစ်ပါးသည် ထိုနေရာတွင်ပေါ်ပေါက်လာလေသည်။ ထိုနတ်သားသည် လွန်စွာဝမ်းမြောက်ကြည်နူးပြီးလျှင် မြတ်စွာဘုရားနှင့်ရှင်မောဂ္ဂလာန်၊ တပည့်သားသံဃာအပေါင်းအားရှိခိုးဦးချ၍ မြင်ကွင်းမှ ကွယ်ပျောက်သွားလေတော့သည်။

ကိုးကား - ဥစ္ဆုပေတ၀တ္ထု၊ ၀ိမာန၀တ္ထုပါဠိတော်နှင့်ပေတ၀တ္ထုပါဠိတော်မြန်မာပြန်

အညတြဘိက္ခု
18.9.2017

No comments:

Post a Comment

ဗောဓိပင်တံမြက်စည်းလှည်းရခြင်းအကျိုး

တပေါင်းနွေနဲ့အတူ လေပြင်းတချက်တချက်တိုက်ခတ်နေသည်။ လေအဝေ့တွင် လေနှင့်အတူမျောလွင့်လာသော သစ်ရွက်သစ်ခတ် ဖုန်မှုန့်များသည် ကြီးမားသောညောင်ပင်ကြီ...